ထိပ်ပြောင်ရတဲ့ အကြောင်းရင်း
ထိပ်ပြောင်တာဟာ စဥ်းစားရလွန်းလို့၊ ဥာဏ်ပညာနဲ့ ပြည့်စုံသူတွေမှာဖြစ်တာလို့ ဘယ်လိုပဲ မြှောက်ပင့်လို့၊ ဖြေသိမ့်လို့ ပြောပေမယ့် ထိပ်ပြောင်ဆံပင်ကျွတ်တာကို ကျေနပ်ပီတိ ဖြစ်နေတဲ့သူတော့ ရှိမယ်မထင်ပါဘူး။
ထိပ်ပြောင်တာဖြစ်ဖြစ်၊ နောက်ပြောင်တာဖြစ်ဖြစ် ဆံပင်အကွက်လိုက် ကျွတ်ကုန်တဲ့အခါ ရှိရင်းစွဲ အသက်ထက် ကြီးရင့်တဲ့ပုံပေါက်သလို မိမိကိုယ်ကို ယုံကြည်မှုလည်း ပျောက်စေပါတယ်။
ခေါင်းအုံးပေါ်မှာ၊ အခန်းထဲက ကြမ်းပြင်မှာ၊ ရေချိုးခန်းမှာ ဆံပင်တွေအများကြီး တွေ့ရတဲ့အခါ အနည်းနဲ့အများတော့ စိတ်ဆင်းရဲရမှာပါ။
အကြောင်းရင်းပေါ် မူတည်ပြီး ထိပ်ပြောင်ရာက ဆံပင်ပြန်ပေါက်တာမျိုး ရှိတတ်ပေမယ့် ပြန်မပေါက်နိုင်တော့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
အမျိုးသားတွေမှာ Hairline တစ်လျှောက် အကျွတ်များပြီး နဖူးပြောင်ထိပ်ပြောင်တဲ့ ပုံစံက အဖြစ်များကာ အမျိုးသမီးတွေမှာတော့ ဆံပင်ပါးလာတာ၊ ဆံပင်အကွက်လိုက် ကျွတ်တာမျိုးက အဖြစ်များပါတယ်။
ဘာလို့ ထိပ်ပြောင်ဆံပင်ကျွတ်တာလဲ ဆိုရင်....
1) မျိုးရိုးဗီဇ
Alopecia areata လို့ ခေါ်တဲ့ မျိုးရိုးဗီဇကြောင့် ထိပ်ပြောင်ခြင်းမှာ ခန္ဓာကိုယ်ရဲ့ ခုခံအားက Hair Follicles လို့ခေါ်တဲ့ ဆံပင်ရဲ့အရင်းကို တိုက်ခိုက်ပြီး အားနည်းစေတဲ့အတွက် ဆံပင်ကျွတ်တာပါ။
2) ဟော်မုန်း
Testosterone ဟော်မုန်းကနေ Dihydrotestorone (DHT) လို့ခေါ်တဲ့ ဟော်မုန်းကို ထုတ်ပေးပါတယ်။ DHT က ဆံပင်အရင်းကို အားနည်းစေပြီး ဆံပင်ကျွတ်စေပါတယ်။ Testosterone ဟာ အမျိုးသားတွေမှာ ပိုများတဲ့ ဟော်မုန်းဖြစ်ပေမယ့် အမျိုးသမီးတွေမှာလည်း ရှိပါတယ်။ အမျိုးသမီးတွေ သွေးဆုံးခါနီးမှာ estrogen ဟော်မုန်းက နည်းလာပြီး testosterone များလာတဲ့အခါ ဆံပင်စကျွတ်လာပါတယ်။
အမျိုးသမီးတွေမှာ ဖြစ်တဲ့ Polycystic Ovarian Syndrome လို့ခေါ်တဲ့ သားဥအိမ်အရည်အိတ်အများကြီးတည်တဲ့ ရောဂါမှာလည်း Testosterone တွေများလာတဲ့အတွက် ဆံပင်ပိုကျွတ်နိုင်ပါတယ်။
3) စိတ်ဖိစီးမှု
စိတ်ဖိစီးမှုဖြစ်တဲ့အခါ ကိုယ်ခံအားကျလာတာ ဓမ္မတာပါပဲ။ ကိုယ်ခံအားကျရင် Hair Follicles တွေ အားနည်းလာပြီး ဆံပင်ကျွတ်စေပါတယ်။
ဒါကြောင့် Covid ရောဂါဖြစ်တဲ့အခါ၊ တခြားရောဂါတွေ ခံစားရတဲ့အခါ ၊ ထိခိုက်ဒဏ်ရာရတဲ့အခါ၊ လူမှုရေးစီးပွားရေးတွေ အဆင်မပြေတဲ့အခါ ဆံပင်ပိုကျွတ်လာတာပါပဲ။
4) ဆေးတွေကြောင့် ဆံပင်ကျွတ်ခြင်း
ကင်ဆာကုသတဲ့ဆေးတွေ၊ NSAIDs အုပ်စုဝင် အကိုက်အခဲပျောက်ဆေးတွေ၊ သိုင်းရွိုက်ဆေးတွေ၊ စိတ်ကျရောဂါမှာ သောက်ရတဲ့ တချို့ဆေးတွေ၊ Levodopa လို့ခေါ်တဲ့ ကိုယ်ဝန်ဆိပ်တက်ရင် သောက်ရတဲ့ဆေးတွေကြောင့်လည်း ထိပ်ပြောင်ဆံပင်ကျွတ်နိုင်ပါသေးတယ်။
5) အာဟာရချို့တဲ့ခြင်း
အာဟာရချို့တဲ့ရင်လည်း ဆံပင်ကျွတ်တာ၊ ထိပ်ပြောင်တာ ဖြစ်နိုင်တာပါပဲ။ အထူးသဖြင့် သံဓာတ်နဲ့ Vitamin D ချို့တဲ့ရင် ဆံပင်ပိုကျွတ်ပါတယ်။ ဆံပင်သန်စွမ်းစေတဲ့ စူပါအစားအစာတွေဖြစ်တဲ့ ကန်စွန်းဥ၊ ဘယ်ရီသီးတွေ၊ အစေ့အဆံတွေ၊ ဟင်းနုနွယ်၊ မုန်လာဥနီ၊ ငရုတ်ပွ၊ ပဲအမျိုးမျိုး၊ ထောပတ်သီး၊ ပင်လယ်ငါး စတာတွေ စားပေးရပါမယ်။ ဆံပင်ကို အားဖြည့်ပေးတဲ့ ဗိုက်တာမင်အီး၊ သံလွင်ဆီ၊ အုန်းဆီ၊ လက်ဖက်ဆီ စတာတွေလည်း လိမ်းပေးနိုင်ပါတယ်။
ထိပ်ပြောင်တာကို ကုစားဖို့ ခက်သလား
ဘာကြောင့်ထိပ်ပြောင်ရသလဲဆိုတဲ့ အကြောင်းရင်းကို သေချာသိရင် ဆံပင်ပြန်ပေါက်နိုင်ပါတယ်။
အာဟာရဖြစ်အောင်စားတဲ့အခါ၊ ဆံပင်ကျွတ်စေတဲ့ဆေးတွေ ရပ်လိုက်တဲ့အခါ၊ စိတ်ဖိစီးမှုတွေ လျှော့ချနိုင်တဲ့အခါ၊ ဟော်မုန်းအစားထိုးကုသမှုတွေကြောင့် ဟော်မုန်းတွေ ညီမျှသွားတဲ့အခါ ဆံပင်ပြန်ပေါက်ဖို့ အခွင့်အရေးရှိပါတယ်။
စတီးရွိုက်သောက်ဆေးတွေ၊ လိမ်းဆေးတွေကလည်း ကိုယ်ခံအားကြောင့်ဖြစ်တဲ့ ဆံပင်ကျွတ်ခြင်းကို ကုသပေးနိုင်တာမို့ အချိန်မလွန်ခင် အကြောင်းရင်းသေချာရှာပြီး ထိပ်ပြောင်ဘဝမှ လွတ်နိုင်ကြပါစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် Share ပေး၊ Mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်